ကိုသန့်သည် ၁၉၂၆ ခုနှစ်တွင် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ
ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက် ၍
အထက်တန်းပညာရပ်များကို ဆည်းပူးလေ့လာ ခဲ့သည်။
ကိုသန့်သည် ၀ိဇ္ဇာပညာရပ်များကိုယူပြီး ရန်ကုန်တက္ကသိုလ်တွင်
ကျောင်းအိပ်ကျောင်းစားနေ၍ ပညာ သင်ကြားခဲ့သည်။ သူနေသော
ပထမဆုံးကျောင်းဆောင်မှာ ရန်ကုန်တက္ကသိုလ်ရိပ်သာ ပြည်လမ်းပေါ်တွင်ရှိသော
တကောင်းကျောင်းဆောင်ဖြစ်သည်။
တကောင်းကျောင်းဆောင်တွင် နေထိုင်၍ လေးလကြာသောအခါတွင် ကိုသန့်သည်
ပုဂံကျောင်းဆောင်သို့ ပြောင်း၍နေသည်။ ပုဂံကျောင်းဆောင်တွင်လည်း
လေးလနေပြီးနောက် မေအောင် ကျောင်းဆောင်သို့ ပြောင်းသည်။
မေအောင်ကျောင်းဆောင်ဆိုသည်မှာ ယခုရွှေတိဂုံဘုရားလမ်းမှ
ဆန်းကဖီးဟိုတယ်နှင့် ကပ်လျှက်ရှိသော အဆောက်အဦးဖြစ်သည်။ ထိုအချိန်က
ယင်းအဆောက် အဦးကို မေအောင်ကျောင်းဆောင်ဟု ခေါ်၍ ရန်ကုန်တက္ကသိုလ်မှ
ငှားရမ်းအသုံးပြုပြီး ကျောင်းအိပ်ကျောင်းစား ကျောင်းသားများကို
ထားရှိခြင်းဖြစ်သည်။ ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် ဥပစာတန်း
သင်တန်းချိန်ကုန်ဆုံးခါနီးရောက်မှ မေအောင်ကျောင်းဆောင်သို့
ပြောင်းရွှေ့နေခြင်းဖြစ်သည်။
ထိုအချိန်က မေအောင်ကျောင်းဆောင်၏ လက်ထောက်အဆောင်မှူးမှာ နောင်အခါတွင်
ကျောက်စာဝန် ဦးလူဖေ၀င်း (မဟာဝိဇ္ဇာ)အဖြစ် ထင်ရှားလာမည့်
ဆရာ ဦးလူဖေ၀င်းပင်ဖြစ်သည်။ ဆရာ ဦးလူဖေ၀င်းနှင့် တက္ကသိုလ်ကျောင်းသားကြီး
ကိုသန့်တို့သည် ကျောင်းဆောင်တစ်ခုတည်းတွင် ဆရာနှင့်တပည့်
အဖြစ်လာ ရောက်တွေ့ဆုံကြသည်။ ဆရာဦးလူဖေ၀င်းမှာ နောင်အခါတွင်
မဟာဝိဇ္ဇာအောင်ပြီး မြန်မာစာတွင် ရွှေတံဆိပ်ရသူဖြစ်လေသည်။
ကိုသန့်သည် ပထမနှစ် ဥပစာတန်း ပြီးဆုံး၍ ဒုတိယနှစ်ဥပစာတန်းသို့
တက်ရောက်သင်ကြားရပြန် သောအခါ မေအောင်ကျောင်းဆောင်မှာပင်
ဆက်လက်နေထိုင် ခဲ့သည်။ ထိုစဉ်က ကိုသန့်၏ တက္ကသိုလ် အပေါင်းအသင်းများမှာ
ကိုမျိုးမင်း (ယခု အင်္ဂလိပ်စာ ပါမောက္ခဟောင်း၊ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ရန်ကုန်)၊
ကိုရွှေမရ (အိုင်စီအက်စ် ဦးရွှေမရ)၊ ပျဉ်းမနား ကိုစိုးသိန်း (မိတ္ထီလာ
အမျိုးသားအထက်တန်းကျောင်းအုပ်ကြီး) တို့ဖြစ်လေသည်။ ကိုသန့်နှင့်
ချစ်ခင်ပေါင်းသင်းကြသော မိတ်ဆွေသင်္ဂဟအများပင်ရှိကြသော်လည်း ထိုသူများသာ
ကိုသန့်နှင့်တပူးတွဲတွဲ ခင်မင်စွာနေကြသူများဖြစ်သည်။ ကိုသန့်နှင့်
အရင်းနှီးဆုံးသူငယ်ချင်းများ လည်း ဖြစ်သည်။
ထိုအခါတွင် ကိုသန့်ထက် အတန်းကြီးသော မိတ်ဆွေများဖြစ်သည့်
တက္ကသိုလ်ကျောင်းသားကြီးများ ဖြစ်သော ကိုနုနှင့် ကိုထင်အောင်တို့မှာ
ကိုသန့်ထက် ၂ နှစ် စောပြီး ရန်ကုန်တက္ကသိုလ်သို့ ရောက်နေခဲ့ကြပြီး
ဖြစ်လေသည်။
သူတို့သည် တက္ကသိုလ်ကျောင်းတော်တွင် နေထိုင်ရင်း
ပညာဗဟုသုတဆွေးနွေးညှိနှိုင်းခြင်း၊ စာပေ မွေ့လျော်သူများဖြစ်သဖြင့်
မြန်မာစာပေအတွက် လေ့လာ ဆွေးနွေးခြင်းများ ပြုခဲ့ကြသည်။
ကိုထင်အောင်ကား နောင်အခါတွင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်
ဒေါက်တာထင်အောင်အဖြစ်နှင့် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီးလျှင်
မြန်မာစာပေလောကနှင့် ပါတ်သတ်သည့် စာအုပ်များကို အင်္ဂလိပ်ဘာသာ
ဖြင့်ရေးသားထုတ်ဝေခဲ့သော ကမ္ဘာသိစာရေးဆရာတစ်ဦးဖြစ်ခဲ့သည်။
ဦးသန့်
ကိုနုကား စစ်ကြိုခေတ်က နဂါးနီစာအုပ်တိုက်ထွက် စာရေးဆရာများတွင်
နာမည်ကျော်စာရေးဆရာ တစ်ဦးဖြစ်ခဲ့သည်။ သူရေးသော
စာအုပ်များထဲတွင် `ရက်စက် ပါပေ့ကွယ်´စာအုပ်မှာ လူကြိုက်များသည်။
စစ်ပြီးခေတ်တွင် ဂျပန်ခေတ်အတွေ့အကြုံများကို ဖော်ပြသော `ငါးနှစ်ရာသီ
ဗမာပြည်´စာအုပ်၊ `လူထု အောင်သံ´ ပြဇာတ်များကိုလည်း ရေးခဲ့ပြန်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံး ၀န်ကြီးချုပ် လည်းဖြစ်ခဲ့သည်။
ကိုသန့် တက္ကသိုလ်ရောက်လာသည့်အချိန်က ရန်ကုန်မြို့မှာ ဗြိတိသျှ ဗြူရိုကရေစီစနစ်ကြီး အင်အား ကြီးမားစွာ ထွန်းကားနေချိန်ဖြစ်သည်။
ရန်ကုန်တွင် ကုက္ကိုင်းရေကူးကန်ကလပ်၊ ဂျင်မခါနာကလပ်၊ ပဲခူးကလပ်ဟူ၍
နိုင်ငံခြားသား မျက်နှာဖြူ များ၏ကလပ်အသီးသီးရှိခဲ့သည်။ ထိုကလပ်အသီးသီးမှာ
အထက်တန်းလွှာများနှင့် မျက်နှာဖြူအရာရှိကြီးများ ကြီးစိုးလျှက်ရှိသည်။
အခြားကောလိပ်ကျောင်းသားကြီးများသည် တရုတ်ပျော်ပွဲစားရုံများ၌
ပျော်ပါးလည်ပတ် နေစဉ်တွင် ကိုသန့်သည် စာအုပ်ပုံထဲ၌သာ ပျော်မွေ့နေခဲ့၏။
သူသည် ထိုဟိုတယ်များကို တက်ရောက်ပျော်ပါးရန်အတွက်
တက္ကသိုလ်သို့လာခဲ့သည်မဟုတ်၊ သုံး ရန်ဖြုံးရန်လည်း ငွေပိုမပါလာ။ သုံးရန်
ဖြုန်းရန်လည်းဆန္ဒမရှိပေ။
သူတို့တစု၏ အချစ်ဆုံးတက္ကသိုလ်ဆရာတစ်ဦးမှာ ဗြိတိသျှသမိုင်းဆရာ
ဒီဂျီအီးဟောလ် ဖြစ်၍၊ သူသည် အနောက်ဥရောပရာဇ၀င်ကို သင်ကြားသော
ကထိက တစ်ဦးဖြစ်ခဲ့သည်။
ဆရာဟောလ်သည် ကိုသန့်၊ ကိုနုစသော ကျောင်းသားကြီးများကို ခင်မင်သည်။ သူတို့သည် ဆရာကောင်းတပည့်များဖြစ်ကြောင်း ပြောပြလေ့ရှိသည်။
ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ကို
ပင်ရင်းဘာသာ အဖြစ်သင်ကြားရ၏။ ထို့ပြင် မြန်မာအနု စာပေသမိုင်းနှင့် သင်္ချာ၊
လောဂျစ်ဘာသာတို့ကိုလည်း အပိုဘာသာ အဖြစ်သင်ယူရသည်။
တက္ကသိုလ်တွင်နေစဉ် ကိုသန့်သည် အ၀တ်အစားကို ပပလွှားလွှားကြွားကြွားမော်မော်
ဝတ်လေ့ မရှိပေ။ သို့သော်အကျီ င်္လုံချည်များကို သေသေသပ်သပ်နှင့်
ဖြူဖြူစင်စင် ၀တ်ဆင်လေ့ရှိသူဖြစ်၏။
သူ့အမူအရာမှာ အမြဲအေးအေးဆေးဆေးဖြစ်သည်။ ထို့ပြင်သူသည် အမြဲလန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူလည်း ဖြစ်လေသည်။
ကိုသန့်အပြောအဆို အမူအရာမှာ အလွန်နူးည့သိမ်မွေ့၍
လူကြီးလူကောင်းဆန်လှသည်။ သူသည် ဘယ်တော့မှ
ညစ်ပတ်သောပြက်လုံးများရယ်စရာများကို ပြောလေ့မရှိ။ အခြားသူများပြောလျှင်လည်း
နားမထောင်တတ်ပေ။
သူသည် မိမိအ၀တ်အစားများကို သန့်ရှင်းဖြူစင်အောင် ကိုယ်တိုင်လျှော်ဖွတ်၍
လုံချည်များကို မိမိ အိပ်ရာအောက်တွင် ဖြန့်ကာ ခေါက်ရိုးကျကျပြန့်နေအောင်
လုပ်လေ့ရှိ၏။
မည်သူနှင့်မျှလည်း ရန်မဖြစ်တတ်။ သူများ အတင်းအဖျင်းကိုလည်း ပြောဆိုလေ့မရှိ၍ သူ့ကို လူတိုင်းက ခင်မင်ကြသည်။
စာကြိုးစားသည့်ဘက်ကဆိုလျှင် သူသည်အလွန်ဝီရိယရှိသည့်အတိုင်း အတန်းထဲတွင်လည်း စာတော်သူတစ်ယောက်ဖြစ်သည်။
သို့သော် …. မိမိ မည်မျှတော်သည်။ ထူးချွန်သည်ကို ကိုသန့်သည်ဘယ်တော့မှ ထုတ်ဖော်၍ မပြောတတ်ပါ။ ထင်ပေါ်မှုကို ကိုသန့်သည် အလွန်မုန်း၏။
ကိုသန့်၏ အရည်အချင်း ထူးချွန်မှုများသည် သူ့ကိုထင်ပေါ်စေရန်
အထောက်အကူဖြစ်နေသည်။ ထင်ပေါ်မှုကို မလိုလားသော ကိုသန့်သည် ရန်ကုန်တက္ကသိုလ်
ဒဿနိကဗေဒအသင်းကြီးတွင် တွဲဖက် အတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း
ခံရလေသည်။
ထို့ပြင် စာပေနှင့်စကားရည်လုပွဲအသင်းကြီး၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်လာသည်။
ကိုသန့်သည် သတင်းစာများသို့ အယ်ဒီတာထံ ပေးစာများ၊ ဆောင်းပါးများ
ရေးသားပေးပို့ခြင်းဖြင့် တက္ကသိုလ်တွင် ရှိစဉ်ကပင် မိမိဆန္ဒသဘောထားများကို
လွတ် လွတ်လပ်လပ် တင်ပြခဲ့သည်။
၁၉၂၈ ခုနှစ်၊ ကိုသန့် ဥပစာတန်းစာမေးပွဲကို အောင်မြင်သောအခါတွင်
အမှတ်ကောင်းစွာဖြင့် အောင်မြင်ခဲ့၏။ ဤသို့ဖြင့် သူသည် အသက် ၁၉နှစ်တွင်
ပန်းတနော် သို့ပြန်၍ အထက်တန်းပြဆရာအဖြစ်ဖြင့် အမျိုးသားအထက်တန်းကျောင်းတွင်
ဆောင်ရွက်ခဲ့သည်။
ညီငယ်များအပေါ် ညှာတာသည့်ကိုသန့်၏စိတ်ထားကို အထူးသိသာနိုင်သည်။ ၁၉၂၈
ခုနှစ်၊ ကိုသန့်၏ အောက် အသက် ၂နှစ်ခန့်ငယ်သော ကိုခန့်သည်
ဆယ်တန်းစာမေးပွဲကို အောင်မြင်လာသည်။
ကိုသန့်သည် ကိုခန့်ပညာဆက်လက်သင်ကြားရေးအတွက် မိမိကိုယ်ကျိုးအနစ်နာခံပြီး ထိုနှစ်တွင် တက္ကသိုလ်ကျောင်းမှ ထွက်ခဲ့လေသည်။
မိမိညီဖြစ်သူ ကိုခန့်ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍
ပညာဆက်လက်သင်ကြားသောအခါ မိမိရော၊ မိမိညီဖြစ်သူပါ
နှစ်ယောက်စလုံးပာာသင်စရိတ်မှာ မနည်း လှသည်ကိုလည်း ကိုသန့်နားလည်သည်။
တက္ကသိုလ်ကျောင်းသားနှစ်ယောက်၏ ပညာသင်စရိတ်ကို မိခင်ကြီးဒေါ်နန်းသောင်က
ထောက်ပံ့ရန် များစွာပင်ပန်းနေမည်ကိုလည်း ကိုသန့်ခန့်မှန်းမိသည်။
ထို့ကြောင့် ထိုခေတ်က လူအများ အလွန်တန်ဖိုးထားကြသော
ဘီအေစာမေးပွဲအောင်ရန်ဆန္ဒကို တစ်ပတ်လျှော့လိုက်၏။ အိုင်အေ
(ဥပစာတန်း)စာမေးပွဲအောင် သောအချိန်တွင် ကိုသန့်သည် ရန်ကုန်တက္ကသိုလ်
ဆက်လက်မတက်ပဲ ကျောင်းမှ ထွက်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ကိုသန့်က ရန်ကုန်တက္ကသိုလ်မှ ထွက်လိုက်ရန်ဆုံးဖြတ်သည်ကို မိခင်ကြီးက သဘောသိပ်မတူ။
“သား …. လူကလေး မောင်သန့်ရယ် …. နောင် ၂ နှစ်သာ ကျန်တော့တာပဲ၊
တက္ကသိုလ်ကိုဆက်တက်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်လိုက်ပါဦးကွယ်။
အမေတို့စီးပွား ရေးလဲ ဒီလောက်ချို့တဲ့ နေတာမှမဟုတ်ပဲ။”
ဒေါ်နန်းသောင်က သားကြီးကို ဤသို့ ယုယကြင်နာစွာ ပြောခဲ့သည်။ ကိုသန့်က မိခင်ဖြစ်သူအား မိမိ၏ ရည်ရွယ်ချက်ကို ဤသို့ ရှင်းပြခဲ့သည်။
“အမ ပြောတာလဲ မှန်ပါတယ်၊ ဒါပေမယ့် …. ကောလိပ်ကျောင်းသား
နှစ်ယောက်ရဲ့စရိတ်ဆိုတာ နည်းတာမဟုတ်ဘူးနော်၊ အမ သိပ်ပင်ပန်းမယ်၊
ကျွန်တော်အလုပ်ထွက်လုပ်ချင်ပါပြီ၊ ညီလေး မောင်ခန့်ပြီးရင် နောက်အဆင့်
တက်လာမဲ့ ညီတွေရဲ့တာဝန်ရှိသေးတယ်၊ ကျွန်တော် ကျောင်းထွက်ပြီး အမကိုလဲ
သားလုပ်စာနဲ့ ကန်တော့ပါရစေဦး အမရယ် ……”
ကိုသန့်၏ ကျိုးကြောင်းမျှတသော စကားကိုမိခင်ဖြစ်သူမှာ လက်ခံရတော့သည်။
သာကြီးစိတ်မကောင်းမည်ကိုလည်း စိုးရိမ်သဖြင့် မိခင်ကြီးက “အေးကွယ် … သားကလဲ
အမစိတ်ချမ်းသာစေချင်လို့ ဒီလို လုပ်ရတယ်ဆိုရင် လုပ်ပေါ့၊ သား ညီတွေရဲ့
တက်လမ်းကိုလဲ သားကြည့်သေး တာကိုး ….” ဟုသာ ပြောရတော့သည်။
ဤသို့ဖြင့် ကိုသန့်သည် ရုတ်တရက်ကျောင်းမှထွက်ခဲ့၏။
ကိုသန့်ကျောင်းထွက်ခြင်းကို သူငယ်ချင်း အပေါင်းအသင်းများက
ကောင်းစွာမကျေနပ်ကြပေ။ လှေပြေးတုန်း တက်ကျိုးဆိုသလို ဖြစ်နေ၍ စိတ်မကောင်း
ဖြစ်ကြသည်။ သို့သော် …. ကိုသန့်မှာကား မိမိစိတ်ကူးနှင့်
မိမိဆုံးဖြတ်ပြုဆောင်ရသည် ဖြစ်သောကြောင့် ကျေနပ်နေသည်။ မိခင်ကြီးကို
လုပ်ကျွေးသမှုပြုရတော့မည် ဖြစ်သောကြောင့် ကိုသန့်မှာ များစွာဝမ်းမြောက်
ဝမ်းသာဖြစ်လျှက်ရှိပေသည်။ ကိုသန့်သည် ပန်းတနော်မြို့ အစိုးရအထောက်အပံ့ခံ
အမျိုးသားအထက်တန်း ကျောင်းတွင် ၁၉၂၁ ခုနှစ်မှစ၍ အထက်တန်းပြဆရာအဖြစ်ပြန်လည်
အမှုထမ်း ခဲ့ သည်။
ရန်ကုန်တက္ကသိုလ်မှ ကိုသန့် ထွက်လာပြီးနောက် သိကျွမ်းရသူများအနက် သူ့ကို
အထူးခင်မင်သော ဗြိတိသျှအမျိုးသားကြီးတစ်ဦးရှိခဲ့သည်။ သူကား
ဂျေအက်စ် ဖာနီဗယ် ဆိုသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ထိုပုဂ္ဂိုလ် ကြီးမှာ
အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်)အဖြစ်မှ အငြိမ်းစားယူလာသူဖြစ်၍ အသက်
၅၀ ကျော်ရှိပြီ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်ကျောင်းအနီးတွင်
စာအုပ်ဆိုင်ဖွင့်ထား၏။
သူ့စာအုပ်ဆိုင်အမည်မှာ မြန်မာနိုင်ငံစာအုပ်အသင်းလီမိတက်ဖြစ်လေသည်။
ဖာနီဗယ်ကား စာပေ ၀ါသနာရှင်တစ်ဦးဖြစ်၏။ စာလည်းရေးသည်။ သူသည်
မြန်မာ နိုင်ငံအနာဂတ်အတွက် အလွန်ပင် စေတနာ ရှိသူတစ်ဦးဖြစ်သည်။ ထိုအချိန်က
မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းမှာ အရည်အချင်းမှီရန် များစွာလိုသေး သည်ကို
ဖာနီဗယ်သိသည်။ ဖာနီဗယ်သည် စာကြည့်တိုက်များ၊ စာဖတ်များကို တတ်နိုင်သမျှ
ကြိုးစား၍ တည်ထောင်လေ့ရှိခဲ့သည်။ မြန်မာနိုင်ငံ
ပညာပြန့်ပွားရေး အသင်းကြီးကို စတင်တည်ထောင်ခဲ့သူမှာ ဆရာကြီး
ဖာနီဗယ်ဖြစ်သည်။ ဂန္တလောကမဂ္ဂဇင်းကိုလည်း စတင် တည်ထောင်ခဲ့၏။
သူသည် မြန်မာကျောင်းသားများအား အမျိုးသားစိတ်ဓာတ် ဖွံ့ဖြိုးရှင်သန်စေရန်
ပထမဦးစွာ လှုံ့ဆော်ပေးခဲ့သော နိုင်ငံခြားသားတစ်ဦးလည်း ဖြစ်ပေသည်။
ဖာနီဗယ်သည် တက္ကသိုလ်ကျောင်းထွက် ကိုသန့်ကို အလွန်ချစ်သည်။
ကိုသန့်၏အရည်အချင်းကို သူအလွန်သဘောကျနှစ်သက်သည်။ ကိုသန့်၏
အနေအထိုင် အပြောအဆိုများကိုလည်း သူက တန်ဖိုးအလွန်ထားသည်။ ထို့ကြောင့်
ဆရာကြီးက ကိုသန့်ကို ပြည်သူ့ဝန်ထမ်းစာမေးပွဲဝင်ရောက်ဖြေဆိုပြီး
ရာထူးကြီးကြီးတစ်ခု ကို ယူပါရန် တိုက်တွန်းခဲ့၏။ အစိုးရအရာရှိ ဖြစ်လာလျှင်
အမျိုးသားအထက်တန်းကျောင်းဆရာ ရာထူးထက် များစွာပိုလျှံသော လစာငွေကို
ရမည်ဖြစ်ပေသည်။
သို့သော် … ကိုသန့်သည် အိုင်စီအက်စ်၊ ဘီစီအက်စ် စသော
ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ရာထူးများကို လက်ခံရန်
လုံးဝစိတ်မ၀င်စားပေ။ ထိုရာထူးများကို လိုချင် လျှင် တက္ကသိုလ်၌ နောက်ထပ်
အနည်းဆုံး ၂ နှစ်ထပ်နေရဦးမည်ဖြစ်သည်။ ထို့ပြင်လည်း အမျိုးသားအထက်တန်း
ကျောင်းဆရာတစ်ယောက်၏ လစာငွေမှာ မိမိအတွက် လုံလောက်မျှတသော လစာဟု ကိုသန့်က
ထင်သည်။ အမျိုးသားအထက်တန်းကျောင်းဆရာဘ၀တွင် အစိုးရအရာရှိထက် ပိုမို၍
လွတ်လပ်စွာ စာပေ ဆောင်းပါး ကဗျာ ၀တ္တုအစုစုကို ရေးသားနိုင်မည်လည်း ဖြစ်သည်ဟု
ကိုသန့်က ယူဆသည်။ သတင်းစာဆရာ၊ စာရေးဆရာဘ၀ကို မျှော်မှန်းတောင်တသော
ကိုသန့်သည် အစိုးရရာထူးကိုမမက်။ တက္ကသိုလ်တွင် ၂ နှစ်သာနေပြီး
ကျောင်းဆရာထွက်၍ လုပ်ရန်သာ သန္ဒိဋ္ဌာန်ချလိုက်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကိုသန့်သည် ရန်ကုန်တက္ကသိုလ်နှင့် အဆက်အသွယ်မပြတ်ပေ။
ထိုအချိန်တွင် ကိုသန့်၏ ညီဖြစ်သူ ကိုခန့်သည် ရန်ကုန်တက္ကသိုလ်သို့
တက်ရောက်နေပြီ။ ဆရာကြီး ဖာနီဗယ်နှင့် ကိုခန့်တို့သည် ကိုသန့်၏
ဆောင်ရွက်ပေးမှုကြောင့် သိကျွမ်းနေကြပြီဖြစ်လေသည်။
ကိုသန့်သည် အမျိုးသားအထက်တန်းကျောင်းဆရာအဖြစ် အမှုထမ်းနေစဉ် သမိုင်း၊
အင်္ဂလိပ်ဘာသာ၊ ပြည်သူ့နီတိနှင့် သင်္ချာဘာသာများကို သင်ကြားပို့ချပေး သည်။
သူသည် ကျောင်းသားတွေကို ကျောင်းသင် ပညာရပ်များကို သာမာန်သာ
သင်ကြားပို့ချပေးခြင်းမဟုတ်။
ယင်းအချိန်က မြန်မာကျောင်းသားများအတွက် အထူးလိုအပ်သော
နိုင်ငံရေးဗဟုသုတနှင့် သမိုင်းဆိုင်ရာ လေ့လာဖွယ်ရာများကိုလည်း
အထူးသင်ကြားပေးသည်။ ကျောင်းသားများအား မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး
ကြိုးပမ်းဆောင်ရွက်လိုစိတ်များ ပေါ်ပေါက်လာစေရန် လှုံ့ဆော်အားပေးခြင်းလည်း
ပြုခဲ့၏။ ကိုသန့်သည် ကျောင်းသားများအား သမိုင်းသင်ကြားပေးရာတွင်
ရှေးမြန်မာမင်းတို့၏ ချွတ်ယွင်းချက်များ၊ အမြင်ကျဉ်းမှုများ၊
ဘုန်းတော်ဘွဲ့ကိုသာ နားထောင်၍ တိုးတက်သော ဆောင်ရွက်မှုများမှ
လွဲဖယ်နေမှုများကို ထောက်၍ပြသည်။
အတိတ်ဖြစ်စဉ်ကို ကြည့်၍မှားယွင်းသောအယူအဆများကို
တပည့်များတို့ပယ်စွန့်စေရန် လမ်းပြပေးသည်။ တစ်ချိန်တည်းမှာပင် သူသည်
မျက်မှောက်ခေတ် အုပ် ချုပ်သူအစိုးရ၏ ချွတ်ယွင်းချက်များကိုလည်း
ဆွဲနုတ်၍ပြလေသည်။ ကျောင်းသားတို့ကို အမျိုးသားစိတ်၊ အမျိုးသားရဲမာန် ထကြွ
စေအောင် အမြဲသင်ပြလှုံ့ဆော် ပေး၏။
ထိုစဉ်က လန်ဒန်မြို့မှ ထုတ်ဝေသော ဗြိတိန်မဂ္ဂဇင်းတစ်စောင်မှ
ဖွဲ့စည်းသည့် “လက်ဝဲစာပေကလပ်”စာပေအသင်းသို့ ကိုသန့်သည် အသင်းသားတစ်ဦးအဖြစ်
ဝင်ရောက်ခဲ့၏။ သူကား မြန်မာနိုင်ငံ၏ ပထမဆုံးသော အသင်းဝင်ပေတည်း။ ကိုသန့်သည်
အမျိုးသားကျောင်းဆရာအဖြစ် အမှုထမ်းနေစဉ် စာကိုဖတ်လည်းဖတ်၊
ရေးလည်းရေးခဲ့သည်။ ကိုသန့်ရေးသောစာများမှာ ပုံနှိပ်ထုတ်ဝေသည့်
မဂ္ဂဇင်းများသို့ရောက်သည်လည်းရှိသည်။ မိမိ၏ နေ့စဉ်မှတ်တမ်းအဖြစ်
စာတစ်စောင်ပေ တစ်ဖွဲ့ ရေးမှတ်သည်များလည်း ရှိခဲ့သည်။
ကိုသန့်နှင့် ဆရာကြီး ဖာနီဗယ်တို့သည် မကြာခဏပင် တွေ့ကြ၏။ ကိုသန့်
ရန်ကုန်သို့ လာသည့်အခါတွင်လည်း တွေ့ကြ၊ ဖာနီဗယ်က မအူပင်တို့
သွားသည့် အခါလည်း တွေ့ကြ၏။ တစ်ခါတွင် ဆရာကြီး ဖာနီဗယ်သည် မအူပင်
စာကြည့်ပိဋကတ်တိုက်ဖွင့်ပွဲသို့ အရေးပိုင် (C.H.Davis)က ဖိတ်ကြား၍
ရောက်လာခဲ့သည်။ ထိုအခါတွင် ဆရာကြီးက တွေ့ဆုံသိကျွမ်းရသော ကျောင်းဆရာများအား
မိမိတပည့် မိတ်ဆွေကိုသန့်၏ အရည်အချင်းထူးတစ်ရပ်ဖြစ်သော ဘာသာပြန်
ကျွမ်း ကျင်မှုကို ချီးကျူးလေ့ရှိသည်။ ဆရာကြီးသည် ကိုသန့်၏
ဘာသာပြန်စာပေများ၊ ဂန္တလောကမဂ္ဂဇင်းတွင် ဆုများရနေသည်ကို အလွန်
ဝမ်းသာနေလေသည်။
အမျိုးသားအထက်တန်းကျောင်းတွင် ကိုသန့်အမှုထမ်းနေစဉ်
ကျောင်းအုပ်ဆရာကြီးရာထူး လစ်လပ် သောအခါ၌ ကိုသန့်သည် ဦးနုထံသို့လှမ်းပြီး
စာရေးအ ကြောင်းကြားခဲ့သည်။ ဤသို့ဖြင့် ဦးနုသည် ပန်းတနော်သို့
ကျောင်းအုပ်ဆရာကြီး (အုပ်ချုပ်ရေး) အဖြစ် ရောက်ရှိလာသည်။ ကိုသန့်နှင့်
ဦးနုတို့သည် ညနေတိုင်း စာပေ ဆွေးနွေးခြင်း၊ လမ်းလျှောက်ခြင်းဖြင့် အလွန်ပင်
ပျော်ရွှင်ကျေနပ်လျှက်ရှိခဲ့ကြသည်။
မိမိ ပညာရင်နို့ သောက်စို့ခဲ့ရသော အမျိုးသားအထက်တန်းကျောင်းတွင်ပင်
ပြန်၍ ကျောင်းဆရာလုပ်ရ သဖြင့်လည်း ကိုသန့်မှာ
အထူးကျေနပ်ဝမ်း သာဖြစ်ရ ပြန် လေသည်။ ကျေးဇူးရှင်
အမျိုးသားကျောင်းတော်ကြီးကို မိမိတတ်ကျွမ်းသမျှ ပညာဖြင့်
ကျေးဇူးဆပ်သည့်နှယ် ကျောင်း၏ အမှုတော် ထမ်းရွက်ခွင့်ရသဖြင့်လည်း
ဖြစ်ပါချေသည်။ ဤသို့ဖြင့် ကိုသန့်သည်အမျိုးသား အထက်တန်းကျောင်း
အထက်တန်းပြဆရာ ဦးသန့် ဖြစ်ခဲ့ပေပြီတည်း။
တက္ကသိုလ်စိန်တင်
(တက္ကသိုလ်စိန်တင် ရေး ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်)